Monday, November 14, 2011

လူ ၀င် စား တစ် ကောင် ရဲ့ ရ နံ့ မဲ့ တ ယော သံ

လူ ၀င် စား တစ် ကောင် ရဲ့ ရ နံ့ မဲ့ တ ယော သံ



ဒီလိုကွဲ့

ငါရူးချင်ယောင်ဆောင်လိုက်တဲ့အကြောင်းရင်းက

ပုံရိပ်ယောင်ပုံရိပ်စစ်တွေမရှိတဲ့ ကမ္ဘာတစ်ဖက်ခြမ်းမှာ

လူဝင်စားပြန်ဖြစ်ကြည့်ချင်လို့ပါ ။

ခရမ်းဖြူ....ရေ

ငှက်ဆိုတာ ခြေထောက်လှလှလေးတွေနဲ့ 

ပျံလို့ မရကြောင်း

ငါ ကောင်းကောင်းကြီး သိခဲ့ပေါ့

ပြောရမယ်ဆိုရင်လည်း

မုန်းလောက်အောင်ပဲ ချစ်ပါရဲ့ ၊

တကယ်တော့ ငါဟာအသက်ရှူသံကိုတောင်

လေအေးပေးစက် တပ်ဆင်မထားနိုင်သေးတဲ့ကောင်ပေါ့

ရင်ခုန်သံဆိုတာပုံတူမျိုးပွားလို့များရရင်

ငါ့နှလုံးသားစိုက်ခင်းမှာမြေလွတ်မြေရိုင်းတွေအများကြီး

အဲဒီလိုလေးနဲ့ပဲ

ငါနောက်တစ်ကြောင်းကျော်ရေးလိုက်မိပြီ ခရမ်းဖြူ

နင့်ကိုငါ ချစ်တာပဲသိလို့ ငါ့စကားသံငါပဲမြိုချလိုက်တယ်။

ငါ့ရင်ဘတ်ကို ကိုင်ဆွဲ

အပေါစားစက္ကူတစ်ရွက်လိုပဲ ဆုတ်ဖြဲခဲ့

ပြီးရင် အက်ဆစ်အပြင်းနဲ့ ပက်

ခဲဖျက်အကြီးကြီးနဲ့ လည်း ဖျက်ပစ်လိုက်

နင်ထွက်သွားတဲ့အဝေးပြေးလမ်းပေါ်မှာ

နင့်အသက်ရှုသံတွေနဲ့ရောယောင်ပြီး

ငါ့ရင်ခုန်သံတစ်ချို့လိုက်ပါသွားတာဟာ

ငါ့စိတ်ကူးနန်းတော်ကြီးထဲကစိတ်ကူးယဉ်မှုသက်သက်ပါ

ဒါပေမယ့်...အမှန်ဟာ အမှန်ပါပဲကွယ် ။

မယုံလိုက်နဲ့ ဦး

ခရမ်းဖြူရေ

နင်ချကျွေးခဲ့တဲ့ ချစ်ခြင်းသံစဉ်တွေက

အာဟာရပြတ်တိုင်းစားနေရတော့မယ့် ငါပါကွယ်၊

အဝေးဆုံးဆိုတဲ့နေရာကြီးရဲ့  အဝေးဆုံးမှာလည်း

အဝေးဆုံးအထိ လွမ်းနေရတော့မပေါ့

ဟူး ... တွေးကြည့်ရုံနဲ့ တင်

ခေါင်းပေါ်ကို နေအစင်းစင်း ရွာချတယ်။

မာတိကာမှအစ နောက်ဆုံးစာမျက်နှာရောက်သည်အထိနင်ငါ့ကိုထပ်ခါခါဖတ်ပါ ။

ခရမ်းဖြူ.......ငါ့ကိုလေ

ဝါကျအတိုအရှည်ခွဲပြီးဘောင်မခတ်လိုက်ပါနဲ့

အခုထပ်ရေးဖြစ်တဲ့ကဗျာက မင်းအကြောင်းဆိုရင်

မင်းထပ်ရီဦးမှာလား

ငါကတော့ ...

ဒုတိမြောက် ဧဒင်ဥယျာဉ်ကြီး မဖြစ်တည်သေးသ၍

နောက်လည်းထပ်ထပ်ရေးဖြစ်ဦးမှာ

နင်လည်းထပ်ခါထပ်ခါရီလို့ရတာပေါ့

အဲဒီ့နေ့ က

ကိုယ့်အရိပ်ကိုယ်တောင်

မိစ္ဆာကောင်လို့  မြင်မိတယ်

ခရမ်းဖြူရေ.........

ဟိုးရှေးရှေးတုန်းကလိုသမားရိုးကျချစ်ရိုးချစ်စဉ်အတိုင်း

ငါ ချစ်ခဲ့တာပါကွယ်.ဒါကိုနင်ယုံတယ်မလား

ခရမ်းဖြူ ဆိုတဲ့ အမည်နာမလေးက

ငါ့ရင်ဘတ်အသံလွှင့်ရုံကလွှင့်ထုတ်လွှင့်လိုက်ပြီး

ငါရဲ့တစ်ခုတည်းသောအာရုံမှာနင်ပဲတွယ်ငြိနေတာပါ

ကြည့်စမ်းပါဦး ... ခရမ်းဖြူ

သွေးစိမ်းရှင်ရှင်ပန်းထွက်နေတဲ့ ငါ့ကိုယ်ရေးအကျဉ်းလေး

သူ့ ခမျာ အင်္ကျီကိုလည်းပြောင်းပြန်ဝတ်ထားသေးရဲ့ 

ငါ့လက်ထဲမှာက

စံပယ်နံ့ ညရဲ့ လကလေး

ကြွေလုဆဲဆဲ ဖြစ်နေပေါ့။

အိပ်ရာဝင်တေးတွေ အခိုးခံလိုက်ရတဲ့ ညက

ငါ့ကိုယ်ငါပြန်မျှားကြည့်တယ်..နင့်ပုံရိပ်ယောင်လေးကတော့

လေထဲမှာတင်ပျောက်ကွယ်သွားတော့တာပဲ

ငါ့အိပ်မက်တွေဇွတ်အတင်းသူစိမ်းမဆန်လိုက်ပါနဲ့

သက်ပြင်းမောတွေလည်းခဏခဏမချချင်တော့ဘူးခရမ်းဖြူ

ငါဆိုတဲ့ကောင်ကဘ၀အဆက်ဆက်မှာ

ငါးပါးသီလ မလုံခဲ့လို့ များလားမသိဘူးဟာ

ညချင်းအတူတူတောင် ငါက ပိုပြီးမှောင်နေရဲ့

ပြီးတော့..ငါကအာကာသယာဉ်မှူးလည်း ဖြစ်ချင်တယ်၊

လှည်းသမားလည်း ဖြစ်ချင်တယ်၊

ငါ့လောဘက ငါ့ကို အတောမသတ်တော့ဘူး

တချို့ တွေက 'မ' ဖျက်ရင် ပြည်ပျက်သတဲ့

ငါ့မှာက စကြာဝဠာ အသိန်းအသောင်းတောင် ပျက်ခဲ့ရတာ

ခရမ်းဖြူရေ ...

အခါခပ်သိမ်းမှာ ပျော်ရွှင်ပါစေ။

ခရမ်းဖြူ...င့ါရင့်ဘတ်ထဲ

ညှိယူလို့မရတော့တဲ့ကြိုးတစ်ချောင်းနဲ့

အမှားပြင်ဆင်ချက်ပြန်လည်မရေးချင်တော့တဲ့ နင်

ဖွင့်ဆိုရခက်တဲ့ ပညတ်ချက်တော်တွေနဲ့

အဝေးကြီးကိုနင်ထွက်သွားမလို့လား

တစ်ကယ်တော့လေ

ငါရူးချင်ယောင်ဆောင်လိုက်တဲ့အကြောင်းရင်းက

ပုံရိပ်ယောင်ပုံရိပ်စစ်တွေမရှိတဲ့ ကမ္ဘာတစ်ဖက်ခြမ်းမှာ

လူဝင်စားပြန်ဖြစ်ကြည့်ချင်လို့ ။ ။


အမည်မဲ့

No comments:

Post a Comment